
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ (၁၈) ကြိမ်မြောက် ပန်းချီ၊ ပန်းပု၊ လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနားကို ၃၀.၈.၂၀၂၄ ရက်(သောကြာနေ့)၊ မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် အမျိုးသားဇာတ်ရုံ(မန္တလေး)၌ စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ညွှန်ကြားရေးမှူးချုပ် (အနုပညာ ဦးစီးဌာန)နှင့် မန္တလေးမြို့ပေါ်ရှိတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သဘင်အစည်းအရုံး၊ ဂီတအစည်းအရုံးနှင့် ရိုးရာပန်းပညာရှင်များအစည်း အရုံး၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ အနုပညာအထက်တန်းကျောင်း (ပန်တျာ၊ ပန်းချီ-ပန်းပု)မှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)မှ ဝန်ထမ်းများ၊ ကျောင်းဆင်းမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများသည် ပန်းချီအထူးပြု စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ က ဆီဆေး၊ ရေဆေး၊ Acrylic တို့ဖြင့် ရေးဆွဲထားသည့် ဂျိမ်းဖောပျိုဖြူမြစ်ဆုံသူ၊ လင်းရိပ် သံသာ၊ အမရပူရခေတ်ဖွားတော်မူခန်း၊ လုံမပျိုငယ် ဗိုင်းငင်မယ်၊ ဘုရားအဖြစ်သို့ရောက်တော်မူပုံ၊ ရောင်စုံငှက်ငယ်ပန်းချီကားများ၊ မဟာဝိဇ္ဇာတန်းဒုတိယနှစ် ကျောင်း သူများရေးဆွဲထားကြသည့် ချိုချိုချဉ်ချဉ်ရသာစုံလင်၊ သက်ငြိမ်အလှ(၁)၊ သက်ငြိမ်အလှ(၂)၊ ပြေပြစ်လှပခြင်း၊ ပျူရတနာ၊ ရတနာ ဆင့်ကာတင့်သည့် ညိုပြာ၊ ကိုးပါးရတနာ စသည့် ပန်းချီကားလက်ရာမွန်(၁၃) ကားနှင့် ပန်းပုအထူးပြု စတုတ္ထနှစ်ကျောင်းသား၏ ဖိုက်ဘာဂလပ်စ်ဖြင့် ပုံဖော်ထုဆစ်ထားသည့် သံစဉ်ပျိုရုပ်တုနှင့် မဟာဝိဇ္ဇာတန်း ဒုတိယနှစ်ကျောင်းသား၏ ပလာစတာဖြင့် ထုလုပ်ထားသည့် အဲလ်ဘက်အိုင်းစတိုင်းနှင့် ပန်းတိုင်…သို့ စသည့် ပန်းပုလက်ရာမွန်(၃)ခု တို့ကိုကြည့်ရှုအားပေးကာ ကျောင်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူများ တင်သွင်းသည့် ဘွဲ့ယူကျမ်းနှင့်စာတမ်းများကို လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များသည် အမျိုးသားဇာတ်ရုံအတွင်း၌ ဆက်လက် ကျင်းပသည့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနများမှ ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစွမ်းရည်ပြတင်ဆက်မှု အခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးက ကျောင်းဆင်းဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကာ အစီအစဉ်အရ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ စင်တင်တင်ဆက်မှုများဖြစ်သော ပြည်ကန်တော်အလှ နတ်မောင်နှမ ယိမ်းအက၊ ပဏာမဧည့်ခံဂီတသံ (အမျိုးသား၊ အမျိုးသမီး မင်္ဂလာဆိုင်း)၊ တေးဂီတအမွေမန္တလာမြေ(လူချွန်လူကောင်း)၊ ပေါင်းစည်းခြင်းအလှ၊ လှပစီရီအကပန်းချီယိမ်းအက၊ ထိန်းသိမ်းစို့လေယဉ်ကျေးမှုအမွေ (ကျောင်းဆင်းဂုဏ်ပြုတေး)၊ ကကြိုးစုံ လင်မင်းသားအသွင် ယိမ်းအက၊ စည်းလုံးစွမ်းပကားတို့အင်အား(ရုပ်သေး)၊ စုစည်းတီးကသွေးချင်းအလှ (ဂီတ+သဘင်၊ တိုင်းရင်း သားစုပေါင်းအက)၊ ကနောင်မင်းနှင့်ချစ်ခြင်းမေတ္တာ၊ ဖြစ်ချင်အုံးဟဲ့မင်းသား(ပြဇာတ်) နှင့်ဆာယာအန္တိ(ကျောင်းဆင်းလက်ရာမွန် ဇာတ်ကား)တို့ကိုတင်ဆက်ခဲ့ရာ ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် (အနုပညာဦးစီးဌာန)နှင့် ဧည့်သည်တော်များက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ အမှတ်တရ စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြရာ ညနေ ၁၇:၃၀ နာရီအချိန်တွင် အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရ ရှိပါသည်။















