အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈)ကြိမ် မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင် တင်ဆက်ပွဲ အခမ်းအနား အတွက် ကျောင်းဆင်း ဂုဏ်ပြုတေးရေးပြိုင်ပွဲကို ၂၆-၇-၂၀၂၄ ရက်နေ့တွင် ဂီတပညာဌာန၌ ဂီတအထူးပြု စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများနှင့် ဘွဲ့လွန်ဒီပလိုမာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံး ကျောင်းဆင်းဂုဏ်ပြုတေးသီချင်း(၃)ပုဒ်ကို ရွေးချယ်ခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၁-၈-၂၀၂၄ ရက်နေ့ (ကြာသပတေး)နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် တက္ကသိုလ်ရှိ မဉ္ဇူသက ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ပါမောက္ခချုပ်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဂီတပညာဌာန မှ ပါမောက္ခ(ဌာနမှူး)က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် တက်ညီလက်ညီ အားသွန်ခွန်စိုက် ဆောင်ရွက်ပေးခဲ့ကြသော ပညာရှင်များနှင့် ဂီတပညာဌာနမှ ဆရာ၊ ဆရာမ များအား ပါမောက္ခချုပ်က ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

၎င်းနောက် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများက ဆုရတေးသီချင်းများဖြင့် ပြန်လည်ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး နံနက် ၁၀:၀၀ နာရီအချိန်တွင် အခမ်းအနားပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

Loading