သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက် (၉)နာရီက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) တွင်ကျင်းပသည့် “ ထိန်းသိမ်းရှာဖွေ အနုပညာအမွေ ” သုတေသန စာတမ်းဖတ်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏အသက်သည် သုတေသနလုပ်ငန်း ဖြစ်ကြောင်း၊ တက္ကသိုလ်များ သုတေသနအားကောင်းမှသာ ပညာရပ်နယ်ပယ်များ ပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ပြီး သင်ကြားရေး အတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ တတ်မြောက် ကျွမ်းကျင်ရာ နယ်ပယ်များတွင် ပိုမိုထိရောက်သော သင်ကြားမှုများ ပြုလုပ် နိုင်စေရန်၊ ခေတ်နှင့်အညီ သင်ရိုးညွှန်းတမ်းများကို မြှင့်တင်နိုင်စေရန်၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ရင်ပေါင်တန်း၍ ပေါင်းစပ် ဆောင်ရွက်နိုင် စေရန်အတွက် အရည်အသွေးပြည့်ဝသည့် သုတေသန ရလဒ်ကောင်းများ ရရှိနိုင်စေရန် စဉ်ဆက်မပြတ် သုတေသနပြုနေရန် လိုအပ်ကြောင်း၊ သုတေသနဖွံ့ဖြိုး တိုးတက်ရေး (Research Development) အတွက် ရှာဖွေတွေ့ရှိပြီးဖြစ်သော သုတေသနလုပ်ငန်းများကို ထပ်မံလေ့လာသုတေသနပြုခြင်း၊ အသစ်အသစ်သော လုပ်ငန်းများကို စနစ်တကျ သုတေသန ပြုခြင်းတို့ဖြင့် သုတေသနဆောင်ရွက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ Basic Researchနှင့် Applied Research ဟူ၍ နှစ်မျိုးရှိရာတွင် Basic Research သည် Theoretical Research ဖြစ်ကြောင်း၊ ဆရာ/မတို့အနေဖြင့် အနုပညာဆိုင်ရာ ပညာရပ်များကို သုတေသနပြုသည့်အခါတွင် Basic နှင့် Applied ပေါင်းစပ်ပြီး လက်တွေ့အသုံးချ ဆောင်ရွက် သွားနိုင်ရန် များစွာလိုအပ်ကြောင်း၊ ယနေ့စာတမ်းရှင်များ ဖတ်ကြားမည့် သုတေသန စာတမ်း များသည် နိုင်ငံတော်အတွက်၊ ဝန်ကြီးဌာနအတွက် အထောက်အကူ ဖြစ်စေမည့် တန်ဖိုးရှိသော အနုပညာရပ်ဆိုင်ရာ စာတမ်းများဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာရိုးရာ ယဉ်ကျေးမှု များထဲက တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရိုးရာသုခုမ အနုပညာရပ်များကို ရှာဖွေဖော်ထုတ်ပြီး ထာဝရတည်တံ့စေရေး ဆောင်ရွက်နိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်၍ အနာဂတ်မျိုးဆက်သစ် လူငယ်များကို လက်ဆင့်ကမ်း အမွေပေးနိုင်ပါစေကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက စာတမ်းဖတ်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကုန်းဘောင်ခေတ် မြန်မာ့ရုပ်သေးသဘင်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးအပေါ် ဩဇာလွှမ်းမိုးမှုကို မြန်မာ့ဇာတ်သဘင် စာပေများမှတစ်ဆင့် လေ့လာခြင်း စာတမ်းကို ဒေါ်ချောကလျာအေး (သဘင်ပညာဌာန) ကလည်းကောင်း၊ မြို့မငြိမ်းနှင့် မဟာဂီတစာတမ်းကို ဒေါ်ခင်ဆွေမြညွန့် (ဂီတပညာဌာန) ကလည်းကောင်း၊ ရှမ်းလူမျိုး(ဓနု၊တောင်ရိုး) တိုင်းရင်းသားများ၏ ရိုးရာအက၊ တေးဂီတနှင့် တူရိယာများ စာတမ်းကို ဦးမင်းကျော်ဝေ (သင်တန်းရေးရာဌာန)က လည်းကောင်း၊ မြန်မာ့ကျောက်ခေတ် ပန်းချီလက်ရာ ပြဒါးလင်းဂူ နံရံပန်းချီများအား ချဉ်းကပ် လေ့လာခြင်းစာတမ်းကို ဒေါ်အေးမြတ်စိုး (ပန်းချီပညာ ဌာန)ကလည်းကောင်း၊ ပေါင်းစပ် ဖန်တီးခြင်း ပန်းပုအနုပညာ စာတမ်းကို ဒေါ်မြင့်မြင့်သိန်း (ပန်းပုပညာဌာန)က လည်းကောင်း၊ Montage သဘောတရားများ စာတမ်းကို ဒေါ်ကလျာအောင် (ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာန) ကလည်းကောင်း ဖတ်ကြားကြရာ ပညာရှင်ကြီးများနှင့် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *