အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝက်ကာလတွင် ကျင်းပပြုလုပ်သော MTV & Short Film ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ရုပ်ရှင်နှင့် ပြဇာတ်အထူးပြု ကျောင်းသား၊ ကျောင်းသူများအား ဓာတ်ပုံပညာရပ်နှင့်ဆိုင်သော အတွေးအခေါ် ကောင်းများ၊ အတွေ့အကြုံကောင်းများရရှိစေရန်၊ Music Video နှင့်ဆိုင်သော အနုပညာဖန်တီးမှုများ ပိုမိုလုပ်ဆောင်နိုင်စေရန်၊ မြန်မာ့ယဉ်ကျေးမှုကိုဖော်ဆောင်သော Short Film အနုပညာဖန်တီးမှုများ ပြုလုပ်နိုင်စေရန်၊ တက္ကသိုလ်ငွေရတုအထိမ်းအမှတ် ဂုဏ်ပြုဇာတ်လမ်းတိုနှင့် တက္ကသိုလ်ဂုဏ်ပြုတေး သီချင်းများ ရိုက်ကူးတင်ဆက်နိုင်စေရန်၊ ပြည်တွင်းပြည်ပ MTV နှင့် Short Film ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်၊ နည်းပညာသစ်၊ အတွေးအခေါ်သစ်များဖြင့် မြန်မာ့ရုပ်ရှင် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အဖွဲ့ (၄) ဖွဲ့ခွဲကာ MTV တေးသီချင်းသရုပ်ဖော်နှင့် ၁၂ မိနစ်စာ ဇာတ်လမ်းတို Short Film တို့ကို ကြိုတင်ရိုက်ကူးစေခဲ့ပြီး MTV & Short Film ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၉.၃.၂၀၂၆ ရက် (တနင်္လာနေ့)၊ နံနက်(၀၉:၀၀) နာရီအချိန်မှစတင်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) မဉ္ဇူသကခန်းမတွင် အောက်ဖော်ပြပါ ပြိုင်ပွဲဝင်များ၏ တေးသီချင်းများနှင့် ဇာတ်ကားများအားပြသ၍ အကဲဖြတ်အမှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည် –
(က) MTV ပြိုင်ပွဲဝင်တေးသီချင်းခေါင်းစဉ်များ
(၁) အဖွဲ့(၁) “ ထိန်းသိမ်းစို့လေ ယဉ်ကျေးမှုအမွေ ”
(၂) အဖွဲ့ (၂) “ လှမ်းလာခဲ့ပါ တက္ကသီလာ ”
(၃) အဖွဲ့ (၃) “သုခုမတို့မွေးဖွားရာ ”
(၄) အဖွဲ့(၄) “ အလှကွန်းခို ပန်းတက္ကသိုလ် “
(၅) အဖွဲ့(၅) “နှလုံးသားထဲက တက္ကသီလာ ”
( ခ ) Short Film ပြိုင်ပွဲဝင် ဇာတ်ကားအမည်များ
(၁) အဖွဲ့ (၁) “ ဆေးစက်ကျရာ ”
(၂) အဖွဲ့ (၂) “Infinity”
(၃) အဖွဲ့ (၃) “ မိုးတိမ်ကိုထုဆစ်ခြင်း ”
(၄) အဖွဲ့(၄) “ ယုံကြည်ရာ ”
(၅) အဖွဲ့(၅) “ ပညာရဲ့အလင်း မျိုးဆက်၏အမွေ”
အဆိုပါအခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဓာတ်ပုံတည်းဖြတ်ပညာရှင် ဦးဇော်မြင့်သန်း၊ ပြင်ပပညာရှင် ဒေါ်မိုးမိုးစောဝင်း၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မျိုးသန္တာထွန်း၊ ဒီဇိုင်နာ ဦးမျိုးမင်းစိုး၊ ဦးထွန်းထွန်းလင်း၊ နိုင်ငံကျော် ဇွဲထက်စိန်ရွှေရတနာဆိုင်မှ ဒေါက်တာ ထက်သဉ္ဇာအောင် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၂၆၀ ဦး တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ MTV & Short Film ပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်း၊ “ပုံရိပ်လှလှ မြန်မာ့ရုပ်ရှင်” ဖွင့်ပွဲသီချင်းဖြင့်ဖျော်ဖြေခြင်း၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး က အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ခေါင်းဆောင်များက မိမိတို့ရိုက်ကူးထားသည့် Short Film ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ MTV ပြိုင်ပွဲစတင်ကျင်းပခြင်း၊ Short Film ပြိုင်ပွဲ ကျင်းပခြင်း၊ ဖျော်ဖြေရေးအစီအစဉ်ဖြင့် ဧည့်ခံဖျော်ဖြေခြင်းများ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ဆုရရှိသောအဖွဲ့များအား ဆုများ ချီးမြှင့်ခဲ့ရာ MTV ပထမဆုကို “ထိန်းသိမ်းစို့လေ ယဉ်ကျေးမှုအမွေ”တေးသီချင်းရိုက်ကူးသော အဖွဲ့ (၁)ကလည်းကောင်း၊ Short Film ပထမဆုကို “မိုးတိမ်ကို ထုဆစ်ခြင်း” ဇာတ်ကားရိုက်ကူးသော အဖွဲ့(၃)ကလည်းကောင်း၊ MTV ဒုတိယဆုကို “အလှကွန်းခိုပန်းတက္ကသိုလ်”တေးသီချင်းရိုက်ကူးသော အဖွဲ့ (၄)ကလည်းကောင်း၊ Short Film ဒုတိယဆုကို “ယုံကြည်ရာ” ဇာတ်ကားရိုက်ကူးသောအဖွဲ့(၄)ကလည်းကောင်း၊ MTV တတိယဆုကို “သုခုမတို့မွေးဖွားရာ”တေးသီချင်းရိုက်ကူးသော အဖွဲ့ (၃)ကလည်းကောင်း၊ Short Film တတိယဆုကို “Infinity” ဇာတ်ကားရိုက်ကူးသော အဖွဲ့ (၂)ကလည်းကောင်း ဆုများ အသီးသီး ရရှိခဲ့ကြရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမျိုးသန္တာထွန်းတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် အကဲဖြတ်ပညာရှင် များအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခြင်း၊ ပါမောက္ခချုပ်က နိုင်ငံကျော်ဇွဲထက်စိန်ရွှေရတနာ ဆိုင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများကို ပြုလုပ်၍ နေ့လယ် ၁၂:၃၀ နာရီတွင် MTV & Short Film ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း သိရှိရပါသည်။










Users Today : 18
This Month : 372
This Year : 3681