MTV & Short Film ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
၅-၃-၂၀၂၅။ မန္တလေး။ ။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ရုပ်ရှင်နှင့်ပြဇာတ်အထူးပြု ကျောင်းသား၊ ကျောင်းသူများအား ဓာတ်ပုံပညာရပ်နှင့်ဆိုင်သော အတွေးအခေါ်ကောင်းများ၊ အတွေ့အကြုံကောင်းများရရှိ စေရန်၊ Music Video နှင့်ဆိုင်သော အနုပညာဖန်တီးမှုများ ပိုမိုလုပ်ဆောင်နိုင်စေရန်၊ တေးဂီတ၊ တေးသီချင်းအမျိုးအစားနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာသိရှိနားလည်စေရန်၊ မြန်မာ့ယဉ်ကျေးမှုကို ဦးတည်သော Short Film အနုပညာဖန်တီးမှုများ ပြုလုပ်နိုင်စေရန်နှင့် မြန်မာ့ရုပ်ရှင်အဆင့်အတန်း တိုးတက်မြင့်မားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ အဖွဲ့(၄)ဖွဲ့ခွဲကာ MTV တေးသီချင်း သရုပ်ဖော်နှင့် ၁၂ မိနစ်စာဇာတ်လမ်းတို (Short Film) တို့ကို ကြိုတင်ရိုက်ကူးစေ ခဲ့ပြီး MTV & Short Film ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၅.၃.၂၀၂၅ ရက်(ဗုဒ္ဓဟူးနေ့)၊ နံနက်(၀၉:၀၀)နာရီအချိန်မှ စတင်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) မဉ္ဇူသကခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်( မန္တလေး )မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဓာတ်ပုံတည်းဖြတ်ပညာရှင် ဦးဇော်မြင့်သန်း၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ MTV & Short Film ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများနှင့်ပတ်သက်၍ ဦးတင်လှိုင် (ပါမောက္ခ/ဌာနမှူး ရုပ်ရှင်နှင့်ပြဇာတ်)က ရှင်းလင်းပြောကြားခြင်း၊ အဖွဲ့ခေါင်းဆောင်များက မိမိရိုက်ကူးထားသည့် Short Film ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပြိုင်ပွဲဝင် MTV နှင့် Short Film များစတင်ပြသ၍ အကဲဖြတ်ခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ၎င်းနောက် ဓာတ်ပုံတည်းဖြတ်ပညာရှင် ဦးဇော်မြင့်သန်းက ယှဉ်ပြိုင်ပြသသွားသော MTV နှင့် Short Film များနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ပြောကြား ပေးခဲ့ပါသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအစီအစဉ်အရ ဆုရရှိသော အဖွဲ့များအား ဆုများချီးမြှင့်ခဲ့ကြရာ “အမေ့ရဲ့ဒုက္ခအိုးလေး” MTV နှင့် “တံတိုင်း” Short Film တို့က ပထမဆု၊“မွေးရပ်မြေသို့တမ်းချင်း” MTV နှင့်“သံသရာခရီးသွား” Short Film တို့က ဒုတိယဆု၊“၁၉၉၀” MTV နှင့်“အတွေး” Short Film တို့က တတိယဆုများ အသီးသီးရရှိခဲ့ကြပါသည်။ ထို့နောက် MTV နှင့် Short Film ပြိုင်ပွဲတွင် ပထမဆုရရှိသော အဖွဲ့(၂)ဖွဲ့မှ ဝမ်းသာပီတိနှင့် ကျေးဇူးတင်စကားပြောကြားခြင်း၊ အကဲဖြတ် ပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများကို ပြုလုပ်၍နေ့လယ်(၁၂:၀၀)နာရီတွင် MTV & Short Film ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။









