(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ယိမ်းအကပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း

၁၁-၂-၂၀၂၅။                                                                                                                                  မန္တလေး။    ။ 

ပြည်ထောင်စုကြီး အစဉ်တည်တံ့ ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ် စောင့်ရှောက်တတ်စေရန်၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်နိုင်စေရန်၊ တိုင်းပြည်သာယာဝပြောစေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ့ယဉ်ကျေးမှု အနုသုခုမကဏ္ဍဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်အားဖြည့်ပြီး ပြည်ထောင်စုအမွေကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်စေရန်ရည်ရွယ် ၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ၇.၂.၂၀၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ဇီဇဝါဆောင်၊ ပန်းချီပညာဌာနတွင် ကျင်းပခဲ့ရာ ပန်းချီပညာဌာနမှ ဘွဲ့ကြိုတန်း (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်)၊ ဘွဲ့လွန်အနုပညာဒီပလိုမာတန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၁ ဦးတို့သည် ရေဆေး၊ Acrylic နှင့် ရောင်စုံခဲတံတို့ဖြင့် ပန်းချီကား ၃၁ ကား ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ယိမ်းအကပြိုင်ပွဲကို ၁၁.၂.၂၀၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ရာ သဘင်ပညာဌာနမှ ဘွဲ့ကြိုတန်း (ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်)၊ ဘွဲ့လွန် အနုပညာဒီပလိုမာတန်း နှင့် မဟာဝိဇ္ဇာ(ပထမနှစ်)တို့မှ ကျောင်းသား၊ ကျောင်းသူ ၃၃ ဦး တို့က ယိမ်းအကအဖွဲ့ ၆ ဖွဲ့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နံနက် ၁၀:၃၀ နာရီတွင် ဆက်လက်ကျင်းပခဲ့ရာ ပါမောက္ခချုပ်က အဖွင့်အမှာ စကားပြောကြားခြင်း၊ ပန်းချီပြိုင်ပွဲနှင့် ယိမ်းအကပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်၍ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ ပါကြောင်း သတင်းရရှိပါသည်။